ဒီကနေ့ တိုက်ရိုက်တင်ဆက်မှု ပြီးဆုံးပါပြီ။ ဘီဘီစီက တင်ဆက်ခဲ့တဲ့ သတင်းတွေကို လာရောက်ဖတ်ရှုကြတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက် - ရခိုင် ၆ မြို့နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲပြင်းထန်နေ
ရှမ်းမြောက်က စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေး ရက်ပေါင်း ၁၁၀ မြောက်မှာတော့ ရခိုင်ပြည်နယ်တွင်းက အနည်းဆုံးမြို့နယ် ၆ မြို့နယ်မှာ ရက္ခိုင့်တပ်တော်(အေအေ)နဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲတွေပြင်းထန်နေပါတယ်။ ရက္ခိုင့်တပ်တော်သိမ်းယူထားတဲ့မြို့တွေကိုလည်း စစ်တပ်က ဗုံးကြဲတိုက်ခိုက်တာတွေရှိနေတယ်လို့ ဒေသခံတချို့ကပြောပါတယ်။
အနှစ်ချုပ်
- ပြည်သူ့စစ်မှုထမ်းဥပဒေကို ဧပြီလမှာ လက်တွေ့အကောင်အထည်ဖော်မယ်လို့ စစ်ကောင်စီ ကပြောပါတယ်။
- မြန်မာနိုင်ငံက အာဏာသိမ်းဆန့်ကျင်တဲ့တော်လှန်ရေးတပ်ဖွဲ့တွေ၊ သပိတ်အင်အားစုတွေနဲ့ မြို့အချို့မှာတော့ စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုနဲ့အတူ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို ဆင်နွှဲနေကြပါတယ်။
- ရှမ်းပြည်နယ်တောင်ပိုင်းမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ထိန်းချုပ်ထားတဲ့ ဆီဆိုင်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်တပ်က ထိုးစစ်ဆင်နေပါတယ်။
- မြန်မာ့အကျပ်အတည်း ဖြေရှင်းရေး ထိုင်းနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေး
- စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့် အရပ်သားသေဆုံးမှု ၁၀ ဦးထက်မနည်းရှိ
- ဘင်္ဂလားဒေ့ရှ်ဘက်ကိုထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုမကြာခင်ပြန်ပို့မယ်
တိုက်ရိုက် ထုတ်လွှင့်ချက်
ပြည်သူ့စစ်မှုထမ်းဥပဒေကို ဧပြီလမှာ လက်တွေ့အကောင်အထည်ဖော်မယ်လို့ စစ်ကောင်စီပြော
စစ်ကောင်စီအသက်သွင်းလာတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို လာမယ့်ဧပြီ နှစ်သစ်ကူးရုံးပိတ်နောက်ပိုင်းမှာ လက်တွေ့အကောင်အထည်ဖော်ဖို့ ဆက်ပြီးဆောင်ရွက်နေတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
စစ်ကောင်စီအပြောအရ အလုံးစုံဆောင်ရွက်တာထက် တစိတ်တပိုင်းဆောင်ရွက်တာကို စတင်သွားမယ်လို့ဆိုပြီး အပတ်စဥ်တစ်ခုကို လူဦးရေ ၅,၀၀၀ ခန့် ခေါ်ဖို့ လျာထားတယ်လို့ ဆိုပါတယ်။
တပ်ဖွဲ့ဝင်ရွေးချယ်မှုကိုအချိုးကျလုပ်မယ်လို့ဆိုပြီး အဲဒီအတွက် အသေးစိတ်ညွှန်ကြားချက်တွေ ထပ်ထွက်လာမယ်လို့ဆိုပါတယ်။
''စစ်မှုထမ်းတာဝန်ထမ်းဆောင်ရတယ်ဆိုပေမဲ့ အဓိက ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ ပညာရပ်ကိုနိုင်ငံသူနိုင်ငံသားအားလုံး တတ်စေဖို့ သိစေဖို့ သင်ကြားနိုင်စေဖို့၊ စစ်မှုထမ်းပြီးမှလုပ်ငန်းခွင်ဝင်ဖို့၊ လုပ်ငန်းခွင်ကသူဆိုရင်လည်း လုပ်ငန်းခွင်က အလုပ်ပြန်ခန့်ဖို့ ဒါတွေကို နိုင်ငံစံချိန်စံညွှန်းတွေအတိုင်းပါဝင်လာမှာဖြစ်ပါတယ်'' လို့ ဗိုလ်ချုပ်ဇော်မင်းထွန်း ကပြောပါတယ်။
ရှေ့တန်းစစ်မျက်နှာလွှတ်ဖို့စဥ်းစားချက်က တစ်ဦးချင်းစီရဲ့ကျွမ်းကျင်တတ်မြောက်မှု အပေါ်မူတည်မယ်လို့ဆိုပါတယ်။
''စစ်တိုက်တာတစ်ခုတည်းနဲ့ နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်တာမဟုတ်ဘူး။ ကွန်ပျူတာဟက်ကာသမားတွေကလည်း ကိုယ့်တိုင်းပြည်အတွက် ဆိုက်ဘာထိုးဖောက်မှုကိုကာကွယ်ကြတယ်။ စီးပွားရေးသမားတွေကလည်း မိမိနိုင်ငံအတွက်အကျိုးဖြစ်ထွန်းမှုအများဆုံးရရိစေရေး ကာကွယ်ကြတယ်။ သတင်းမီဒီယာသမားတွေကလည်း သတင်းမီဒီယာယှဥ်ပြိုင်တိုက်ခိုက်မှုမှာ ပါဝင်ယှဥ်ပြိုင်တိုက်ခိုက်ကြတယ်။ ခုခေတ်မှာ စစ်မက်ယှဥ်ပြိုင်ခြင်းလို့ပြောတဲ့အခါမှာ လက်နက်ကိုင်တပ်ဖွဲ့များတင်မကတော့ဘဲနဲ့ လက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း နိုင်ငံ့ရဲ့အမျိုးသားအကျိုးစီးပွားကို အကာအကွယ်ပေးရမယ့်သူများအချင်းချင်း ယှဥ်ပြိုင်ခြင်းလို့ အဓိပ္ပာယ်ကိုကျယ်ပြန့်စွာဖွင့်ဆိုထားတာတွေ့ရပါမယ်။ ''လို့ သူက ပြောပါတယ်။
စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်ကပြဋ္ဌာန်းခဲ့တဲ့ စစ်မှုမထမ်းမနေရပြည်သူ့စစ်မှုထမ်းဥပဒေဟာ ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်မှာ စတင်အာဏာတည်အသက်ဝင်တယ်ဆိုပြီး စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်က ထုတ်ပြန်ကြေညာပါတယ်။
နိုင်ငံတဝန်းစစ်မျက်နှာပြင်များစွာတဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက သူ့ရဲ့ စစ်တပ်အင်အားလျော့နည်းလာချိန်မှာ ဒီဥပဒေကိုပြန်အသက်သွင်းလာတာလို့ အကဲခတ်တွေက ထောက်ပြပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဘယ်သူတွေ ဆင်နွှဲကြလဲ
ဒီကနေ့ ဖေဖော်ဝါရီ ၁၃ ရက်မှာ ကျရောက်တဲ့ အမျိုးသားခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၀၉နှစ်ပြည်မွေးနေ့အဖြစ် နိုင်ငံတဝန်းက မြို့အချို့မှာ ပဲပြုတ်နဲ့ နံပြားတွေ လှူဒါန်းကျွေးမွေးတာတွေရှိပါတယ်။
အခုနှစ်မှာတော့ မြို့ပေါ်တွေမှာ သိုသိုသိပ်သိပ်ကျင်းပကြပြီး အာဏာမသိမ်းခင်ကာလတွေကလို လွတ်လွတ်လပ်လပ်ကျင်းပကြတာမျိုး မရှိပါဘူး။
လွတ်မြောက်ဒေသတွေက တော်လှန်ရေးအင်အားစုတွေကလည်း ဗိုလ်ချုပ်မွေးနေ့ကို ဂုဏ်ပြုကျင်းပကြတာရှိပါတယ်။
၁၉၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်မှာ မွေးဖွားခဲ့တဲ့ ဗိုလ်ချူပ်မွေးနေ့မှာ ပဲပြုတ်နဲ့ နံပြားကိုအမှတ်တရ ကျွေးမွေးကြတာက ဗိုလ်ချုပ်က ဇနီးဖြစ်သူ ဒေါ်ခင်ကြည်ကို ပဲပြုတ်နဲ့ နံပြား စားချင်ကြောင်းရေးသားတဲ့စာအရ အမှတ်တရ ကျွေးမွေးကြတာဖြစ်ပါတယ်။
ဒီနေ့ဟာ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ဖြစ်သလို မြန်မာနိုင်ငံကလေးများနေ့ဖြစ်ပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေ လူထု ဘယ်လိုအကျပ်ဆိုက်မလဲ
မြန်မာပြည်တွင်းမှာတော့ စစ်ကောင်စီဟာ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ နအဖ အစိုးရ လက်ထက် ၂၀၁၀ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်အသက်သွင်းလိုက်ပြီလို့ ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်းမှာပဲ ကြေညာလိုက်ပါတယ်။
အမျိုးသားဆို အသက် ၃၅ နှစ်၊ အမျိုးသမီးဆို ၂၇ နှစ်အထိ ဥပဒေပါပြဋ္ဌာန်းချက်တွေနဲ့အညီ စစ်မှုထမ်းဖို့ ပါတဲ့ ဒီကြေညာချက်ကို စစ်ကောင်စီက ထုတ်ပြန်ပြီးတဲ့နောက်မှာ မြန်မာပြည်တွင်းက လူထုကြားမှာလည်း စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။
စစ်ကောင်စီရဲ့ ဒီပြဋ္ဌာန်းချက် လက်တွေ့ကျပါရဲ့လား၊ ဘယ်တော့ အကောင်အထည်ဖော်နိုင်ခြေရှိပါသလဲ ... ဘီဘီစီဆောင်းပါးမှာ ပြန်လည် ဖတ်ရှုနိုင်ပါတယ်။
PNLA သိမ်းထားတဲ့ ဆီဆိုင်မြို့ ပြန်ရဖို့ စစ်တပ်ထိုးစစ်ဆင်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)ကထိန်းချုပ်ထားဆဲဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း ထိုးစစ်ဆင်တာတွေရှိနေတယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးကပြောပါတယ်။
ဆီဆိုင်မြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ PNLA တို့ကြား မြို့ရဲ့ မြောက်ဘက်မှာတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က စနိုက်ပါတွေ၊ ဒရုန်းတွေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေရှိတယ်လို့ PNLA ကလည်း သတင်းထုတ်ပြန်ထားပါတယ်။
PNLA ရဲ့ အပြောအရ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ် ၈ ဦးထက်မနည်းသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတချို့သိမ်းဆည်းမိခဲ့တယ်လို့ ဆိုပါတယ်။
''ဆီဆိုင်ဖက်ကတိုက်ပွဲတွေဖြစ်နေတုန်းပဲ။ ဘန်းယဥ်မှာ တပ်စွဲထားတဲ့တပ်ကနေ လက်နက်ကြီးနဲ့ ပြည်သူတွေအိမ်တွေနဲ့ စစ်ရှောင်တွေရှိတဲ့ဘက်ကိုပစ်နေတာ၊ တမင်ပစ်နေတာလို့ယူဆရတယ်။အကုန်ကြောက်လန့်ပြီး ထွက်ပြေးကြရတယ်''လို့ ဆီဆိုင်မြို့အခြေအနေကိုသိရှိသူတစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ရက်အတွင်း ဆီဆိုင်မြို့အတွင်းကို လက်နက်ကြီးကျရောက်တာကြောင့်ဆိုင်အချို့ မီးလောင်ပျက်စီးခဲ့ပြီး ဆုံးရှုံးပျက်စီးမှုတွေရှိခဲ့တယ်လို့ဆိုသလို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာနဲ့ လက်နက်ကြီးကျရောက်တာတွေကြောင့် ဘာသာရေးအဆောက်အဦး ၇ ခုထက်မနည်း ထိခိုက်ပျက်စီးခဲ့ရပြီးနေအိမ် အလုံး ၅၀ ကျော်မီးလောင်ခဲ့တယ်လို့ PNLA ကထုတ်ပြန်ထားပါတယ်။
မြန်မာ့အကျပ်အတည်း ဖြေရှင်းရေး ထိုင်းနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေး
မြန်မာ့ပြည်တွင်းက ဆိုးရွားနေတဲ့အခြေအနေကို ဖြေရှင်းရေး ထိုင်းနိုင်ငံနဲ့ အာဆီယံရဲ့ အားထုတ်မှုတွေကို ထိုင်းနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေးခဲ့ကြပါတယ်။
အမေရိကန်ကိုရောက်ရှိနေတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီးနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်တို့ ဖေဖော်ဝါရီလ ၁၂ ရက်မှာ ဝါရှင်တန်မှာ တွေ့ဆုံချိန် ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
မြန်မာနေရပ်ရှောင်တွေကို ကူညီရေး ထိုင်းနိုင်ငံရဲ့ လူသားချင်းစာနာမှု ရှေ့ဆောင်အစီအစဥ်ကို အမေရိကန်က ကြိုဆိုတယ်လို့ ထိုင်းဘက်က သတင်းထုတ်ပြန်ပါတယ်။
မြန်မာနေရပ်ရှောင်တွေကို အကူအညီတွေ တိုးမြှင့်ပေးဖို့ လိုအပ်တဲ့အကြောင်း ဝန်ကြီးတွေက ဆွေးနွေးခဲ့ကြသလို မြန်မာ့အရေးမှာ သက်ဆိုင်သူတွေအားလုံးပါဝင်တဲ့ ဆွေးနွေးမှုပေါ်လာရေး၊ တရားမဲ့ထိန်းသိမ်းထားသူတွေအားလုံးကို လွှတ်ပေးရေး၊ အကြမ်းဖက်မှုရပ်တန့်ရေးနဲ့ မြန်မာကို ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်အောင်လုပ်ဖို့ မြန်မာစစ်ကောင်စီကိုလည်း တိုက်တွန်းထားပါတယ်။
လက်ရှိမှာ ထိုင်း-မြန်မာ နယ်စပ်က မြန်မာနေရပ်ရှောင်တွေကို လူသားချင်းစာနာမှု အကူအညီပေးရေး ရှေ့ဆောင်အစီအစဥ်ကို ထိုင်းအစိုးရက မြန်မာစစ်ကောင်စီနဲ့ ညှိနှိုင်းလုပ်ဆောင်နေပြီး အဲဒီအစီအစဥ်ကို အာဆီယံ လူသားချင်းစာနာမှုအကူအညီပေးရေးစင်တာက ကြီးကြပ်မှာဖြစ်ပါတယ်။
‘‘ထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်နက်တွေရောင်းချခဲ့တယ်’’ - AA
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မြန်မာနိုင်ငံဘက်ခြမ်းက စစ်ကောင်စီရဲ့ တောင်ပြိုလက်ယာ၊ တောင်ပြိုလက်ဝဲ စခန်းတွေကို ဖေဖော်ဝါရီ ၆ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့တယ်လို့ ရခိုင့်တပ်တော် အေအေဘက်က သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ပွဲကနေ ထွက်ပြေးတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ သူတို့ရဲ့ လက်နက်တွေကို နယ်စပ်မှာ ရှိနေတဲ့ လက်နက်ကိုင် အဖွဲ့တွေဆီကို ရောင်းချဖို့ ညှိနှိုင်းထားခဲ့ကြတယ်ဆိုပြီးတော့လည်း အေအေက ပြောထားပါတယ်။
ဒီပြောဆိုချက်နဲ့ဆက်စပ်ပြီး ဘီဘီစီရဲ့ ရုပ်သံသတင်းဖော်ပြချက်ကို ဒီလင့်ခ် မှာ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။
မြန်မာနယ်ခြားစောင့်ရဲတွေပြန်ပို့မယ့်ရက်ကို ဘင်္ဂလားဒေ့ရှ် လျှို့ဝှက်
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို ထွက်ပြေးသွားတဲ့ မြန်မာနယ်ခြားစောင့်တပ်ရဲ ရာချီကို ပြန်ပို့မယ့် အစီအစဥ်ကို လုံခြုံရေးကြောင့် လျှို့ဝှက်ထားတယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်ဘက်က ပြောလာပါတယ်။
မြန်မာနယ်ခြားစောင့်ရဲတွေကို ပြန်ပို့ရေး မကြာခင်စတင်မှာဖြစ်သလို ပြန်ပို့ရေးလုပ်ငန်းစဥ်လည်း စတင်နေပြီလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဟတ်ဆန် မာမွတ်က ဇန်နဝါရီလ ၁၂ ရက်မှာ သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ပြောလိုက်တာပါ။
‘‘သူတို့ကို ပြန်ပို့ရေး ဦးစားပေးလုပ်နေပါတယ်။ နှစ်ဖက်(မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်)လည်း သဘောတူညီချက်ရပြီးဖြစ်ပါတယ်။ မကြာခင်ပြန်ပို့မှာဖြစ်ပါတယ်။ နေ့ရက် တိတိကျကျကိုတော့ ကျွန်တော် ထုတ်မပြောလိုပါဘူး။ လုံခြုံရေးကိစ္စတွေလည်း ပါဝင်တော့ လျှို့ဝှက်အဆင့်ဖြစ်ပါတယ်’’ လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာရှိတဲ့မောင်တောမြို့နယ်ထဲက စစ်ကောင်စီနယ်ခြားစောင့်ရဲစခန်းတွေကို ရက္ခိုင့်တပ်တော်(အေအေ)က ပြီးခဲ့တဲ့သီတင်းပတ်မှာ တိုက်ခိုက်ခဲ့တာကြောင့် အဲဒီစခန်းတွေက ရာနဲ့ချီတဲ့ နယ်ခြားစောင့်ရဲတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို ထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးတဲ့ မြန်မာနယ်ခြားစောင့်ရဲ ၄၀၀ ကျော်အထိရှိနေပါတယ်။ ဒါ့အပြင် အဲဒီတိုက်ပွဲတွေအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို ကျည်နဲ့ လက်နက်ကြီးအစအနတွေ ကျရောက်ခဲ့တာကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားအချို့ ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိခဲ့ပါတယ်။
နှစ်နိုင်ငံနယ်စပ်မှာ ဖြစ်ပွားနေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ဒါကာမြို့မှာရှိတဲ့ မြန်မာစစ်ကောင်စီသံရုံးက သံအမတ်ကို ဘင်္ဂလားဒေ့ရှ်ဘက်က ဆင့်ခေါ် ကန့်ကွက်ထားတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ဒီအတောအတွင်းမှာပဲ ရခိုင်ပြည်နယ်အတွင်းက အခြေအနေတွေကြောင့် ပြည်နယ်မြို့တော် စစ်တွေက ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးကို ရန်ကုန်ကို ယာယီပြောင်းရွှေ့ထားတယ်လို့ ဘင်္ဂလားဒေ့ရှ်က လာတဲ့ သတင်းတွေအရ သိရပါတယ်။
ရခိုင် ၆ မြို့နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲပြင်းထန်နေ
ရက္ခိုင့်တပ်တော် အေအေထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ကို ပြန်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက လေကြောင်း၊ရေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေဆက်လုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒီကနေ့ ဖေဖော်ဝါရီ ၁၃ ရက်မနက်ပိုင်းအထိ မြေပြင်သတင်းအရ စစ်တပ်ရဲ့ စစ်ရေယာဥ် ၄ စီးက မင်းပြားမြို့ကို တက်လာပြီး ထိုးစစ်ဆင်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။
မနေ့ ဖေဖော်ဝါရီ ၁၂ ရက် က စစ်တပ်ရဲ့ လေကြောင်းပစ်ခတ်မှုကြောင့် မင်းပြားမြို့နယ် "ထုတ်ပင်လယ်" ကျေးရွာက အရပ်သား ၄ ဦး ပြင်းထန်ထိခိုက်ဒဏ်ရာရထားတယ်လို့ဆိုပါတယ်။ လက်ရှိမှာ ရခိုင်ပြည်နယ်တွင်း က အေအေထိန်းချုပ်ထားတဲ့ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်နဲ့ တောင်ပြိုလက်ဝဲအပြင် ချင်းပြည်နယ်က ပလက်ဝမြို့တွေကို စစ်တပ်က လေကြောင်း၊ကုန်းကြောင်းအပြင် ရေကြောင်းရှိတဲ့ဒေသတွေမှာ စစ်ရေယာဥ်တွေနဲ့ပါတိုက်ခိုက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် - ရခိုင်ပြည်နယ် နယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်းမှာတိုက်ပွဲဆက်ရှိသလို ရမ်းဗြဲနဲ့ ကျောက်ဖြူမြို့ တွေကို စစ်တပ်က ရေကြောင်းကနေတိုက်ခိုက်ပစ်ခတ်နေတယ်လို့ မြို့ခံတချို့ကပြောပါတယ်။ စစ်ကောင်စီက စစ်ဆင်ရေး (၂) လတာအတွင်း သူတို့လက်လွှတ်လိုက်ရတဲ့မြို့တွေကို လေကြောင်း၊ ရေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကို နေ့စဥ်လုပ်နေတယ်လို့ အေအေကလည်းထုတ်ပြန်ထားပါတယ်။ ဒါအပြင်ကျောက်တော်မြို့အနီးတစ်ဝိုက်ကျေးရွာတွေကို စစ်တပ်ရဲ့ထောက်ပို့လေယာဥ်က ညအချိန်မတော်ပစ်ခတ်တိုက်ခိုက်တာတွေရှိပြီး ကစ္တပနဒီတံတားအနီး ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် တံတားအောက်ရပ်ကွက် ပိုက်သည် ရပ်ကွက်အတွင်းက အရပ်သားပြည်သူ (၇) ဦး သေဆုံးခဲ့ပြီး (၉) ဦးနီးပါးထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ အေအေက ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက် ရခိုင်ပြည်နယ်တွင်းက ပြင်းထန်တိုက်ပွဲတွေရဲ့ စစ်ရေးအခြေအနေနဲ့ နိုင်ငံတဝန်း က အခြေအနေတွေကို ဘီဘီစီရဲ့ ဝက်ဘ်ဆိုက်စာမျက်နှာကနေတိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။